The Mindat Post

Democracy and Justice Must Prevail!

“မင်းတပ်မြို့တွင် အ​ခြေခံစားသောက်ကုန်များ ပြတ်လပ်​နေ၊ မြို့တွင်း​ တိုက်ပွဲဖြစ်လာနိုင်သည့် သတင်းများ ပျံ့နှံ့လျက်ရှိ “

The Mindat Post
၁၉ ​မေ ၊ ၂၀၂၂

မင်းတပ်မြို့တွင် အ​ခြေခံစားသောက်ကုန်များ ပြတ်လပ်​နေ၊ မြို့တွင်း​ တိုက်ပွဲဖြစ်လာနိုင်သည့် သတင်းများ ပျံ့နှံ့လျက်ရှိ ​ကြောင်း​ ဒေသခံပြည်သူများထံမှ သိရသည်။

“အသား ငါး ဟင်းသီးဟင်းရွက် ကြက်ဥကအစ အကုန်ပြတ်လပ်​နေတယ်၊ ကားမထွက်တာကြာလို့ အခြေခံ စားသောက်ကုန်တွေ ပြတ်လပ်​နေတဲ့ အ​ခြေအ​နေပါ” ဟူ၍ မင်းတပ်မြို့​​ပေါ် ဘုန်း​တော်ကြီး​ကျောင်းတွင် သီတင်းသုံး​နေထိုင်လျက်ရှိသည့် ရဟန်း တစ်ပါးက The Mindat Post သို့ ​ပြောသည်။

“ကွမ်း အရမ်းကြိုက်တဲ့ ဦးဇင်းတောင် ကွမ်းယာ မစားရတာ တစ်ပတ်ရှိတော့မယ်၊ ကွမ်းသီး ထိုင်ဝါးနေရတယ်။ ​အဓိက နောက်တစ်ချက်အ​နေနဲ့ ယောနယ်ဘက်က ဟင်းသီး ဟင်းရွက်​ဈေးသည်တွေ တက်မလာကြ​တော့တာ ​တော်​တော်ကိုကြာ​နေပြီ” ဟု ဦးဇင်းက ဆက်၍ပြောသည်။

“စားသောက်ကုန်တွေ စျေးတက်လာတယ်၊ ရှားပါးလာတယ်၊ တိုက်ပွဲ​တွေက ​တောက်​လျှောက်ရှိ​နေ​တော့ အလုပ်အကိုင်နှင့် ဝင်ငွေက မရှိကြပြန်ဘူး၊ ​တော်​တော်ကို ဒုက္ခ​ရောက်​နေတဲ့ အ​နေအထားပါ” ဟူ၍ မင်းတပ်မြို့တွင်း​နေ ပြည်သူတစ်ဦးက The Mindat Post သို့​ပြောသည်။

“မြို့တွင်းမှာ တိုက်ပွဲ​တွေ ဖြစ်လာနိုင်တယ်ဆိုပြီး သတင်း​တွေလည်း ဟိုတစ်စ ဒီတစ်စ ကြား​နေရတယ်၊ အင်တာနက်​တွေ၊ ဖုန်းလိုင်း​တွေ ခက်ခဲ​နေ​တော့ ဘယ်ဟာက အမှန်ဆိုတာ ​သေချာ အတည်ပြုဖို့ မလွယ်ဘူး။ မြို့​ပေါ်က​နေ ​ထပ်​ရှောင်ရမလိုလို၊ ဘာလိုလို​တွေပေါ့။ ဘာမှ ဆက်မဖြစ်လာပါ​စေနဲ့လို့ ဆု​တောင်းရင်း ဘုရားတ​နေရတယ်” ဟု ၎င်းက ဆက်၍ပြောသည်။

ပြည်ပရောက် မင်းတပ်မြို့​ဒေသခံ အမျိုးသားတစ်ဦးကတော့ “ဒီတစ်​ခေါက် တိုက်ပွဲ​တွေသာ ထပ်ဖြစ်လာရင် ဘယ်သူ့အတွက်မှ လွယ်မယ် မထင်ဘူး၊ ယခင်ကထက် ပိုပြီး ပြင်းထန်လာနိုင်တယ်လို့ မြင်တယ်။ အားလုံး ဆင်းရဲ ဒုက္ခ​​ရောက်​နေ​တာ မြင်ရ ကြားရ ၊ ကိုယ့် မိသားစုဝင်​တွေပါ ကြုံနေကြရ​တော့ ဒီလို​တွေ ထပ်မဖြစ်​စေချင်ပါဘူး” ဟု သုံးသပ်ပြောဆိုသည်။

ဆက်လက်၍ မင်းတပ်မြို့တွင်း​နေ အမျိုးသမီးတစ်ဦးက “ဟာသလို့ ပြောရမလား စိတ်မကောင်းစရာပဲ ပြောရမလား တချို့တွေက မပြေးတော့ဘူး၊ မြန်မြန်သေလည်း နားအေးတာပဲဆိုတဲ့ သူတွေကလည်း ရှိ​နေတယ်၊ စိတ်တော့ မကောင်းဘူး” ဟုဆိုသည်။

ယခုနှစ်ဧပြီလလယ်ပိုင်းမှစ၍ မတူပီမှ မင်းတပ်မြို့ဘက်သို့ ပြန်ဆင်းလာ​ခဲ့​သော စစ်​ကောင်စီယာဉ်တန်းကို CDF မင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်​ကောင်စီဘက်တွင် ထိခိုက်ကျဆုံး အများအပြားရှိခဲ့ကြောင်း CDF မင်းတပ်၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

#themindatpost #foodsupplyshortage #မင်းတပ်မြို့နယ် #mindatchinstate #whatshappeninginmindat #Myanmarcoup

Photo – CJ

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading