The Mindat Post

Democracy and Justice Must Prevail!

မင်းတပ်မြို့နယ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ကလေးသူငယ်များ အတွက် ရုပ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု နှင့် စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများ လိုအပ်နေ

ဆမ်ချိုမွန်း

မင်းတပ်မြို့နယ် တွင် စစ်ကောင်စီ၏ ဘက်ပေါင်းစုံ တိုက်ခိုက်မှုများကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ နှင့် ကလေးငယ်များ သေဆုံးမှု အရေအတွက် တိုးလာနေတယ်လို့ ဒေသတွင်း ကျန်းမာရေး ဝန်ထမ်းတွေကပြောပါတယ်။

မင်းတပ်မြို့နယ် အတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် ပြုလုပ်နေတာကြောင့် အရပ်သား ပြည်သူလူထု ပိုင်ဆိုင်တဲ့ အိုးအိမ်တွေ များစွာ ပျက်စီးဆုံးရှုံးမှု ရှိနေပါတယ် ။ အဆိုပါ ပျက်စီးဆုံးရှုံးမှုတွေ အပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့ လေကြောင်းတိုက်ခိုက်မှုကို ရှောင်တိမ်းရင်း မိခင် (သို့မဟုတ်) မွေးကင်းစ ကလေးသေဆုံးမှု နဲ့ မိခင်ဝမ်းအတွင်း သန္ဓေသားသေဆုံးမှု တွေပါ ရှိလာနေတာ ဖြစ်ပါတယ်။ မင်းတပ်မြို့နယ် ထဲက ကိုယ်ဝန်ဆောင် မိခင် တွေ နဲ့ မွေးကင်းစ ကလေးငယ်တွေ အတွက် ဆေးဝါး အထောက်အကူ နဲ့ အစာအဟာရ အထောက်အပံ့တွေ မလုံလောက်တာကြောင့် မိခင်နှင့် ကလေး ကျန်းမာရေး အခြေအနေတွေ ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရတယ်လို့ မင်းတပ်မြို့နယ် က ဒေသခံတွေက ပြောပါတယ် ။

အာဏာ မသိမ်းမီ က ရှိခဲ့တဲ့ မိခင်နဲ့ ကလေး ကျန်းမာရေး ‌စောင့်ရှောက်မှုအခြေ အနေတွေနဲ့ အခု လက်ရှိ အနေအထားဟာ လုံးဝ ကို မတူညီတော့ဘဲ အခြေအနေ ပိုမို ဆိုးရွားလာတယ်လို့  မင်းတပ်မြို့နယ်အတွင်းမှာ လုပ်အားပေး တာဝန်ထမ်းဆောင်နေကြတဲ့ သားဖွား/သူ နာပြုနဲ့ ကျန်းမာရေး CDM ဝန်ထမ်းတွေက ပြောပါတယ် ။ကိုယ်ဝန်ဆောင် မိခင် / နှင့် ကလေး တွေ သေဆုံးမှု အရေအတွက်လည်း အကြိမ်ရေ တိုးလာတယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေက ပြောပါတယ် ။

စစ်ကောင်စီရဲ့ဘက်ပေါင်းစုံ တိုက်ခိုက်တွေမှု ကြောင့် ကိုယ်ဝန်ဆောင် မိခင်နှင့် ကလေး များ ထိခိုက်နစ်နာမှု

အလားတူ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေကို ဗုံးခိုကျင်း အတွင်းမှာပဲ ကလေးမွေးပေးလိုက်ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ် ။ “စစ်ကောင်စီက ဗုံးလာကြဲသွားတယ် ၊ ဗုံးလာကြဲတဲ့ အချိန်မှာ ၊ ဆေးခန်းထဲ မှာ ကလေးမွေးပေးဖို့ ဘယ်လိုမှ အဆင်မပြေတော့ဘူး ၊ မိခင် ဖြစ်သူကလည်း မွေးတော့မယ့်ဆဲဆဲ ၊ သားအိမ်ကလည်း ပွင့်နေပြီ ၊ ဆိုတော့ ဗုံးခိုကျင်းထဲခေါ်ပြီးမှ ကျနော်တို့ ကြိုးစားပြီး ကလေး မွေးပေးလိုက်ရတဲ့ အခြေအနေတွေလည်း ကြုံခဲ့ရတယ် ။” လို့ မင်းတပ်မြို့နယ် တစ်နေရာမှာ ပြည်သူ့ကျန်းမာရေး/မိခင်နှင့်ကလေး ကျန်းမာရေးကိစ္စ ဦးစီးဆောင်ရွက်နေတဲ့ SAVE TEAM ခေါင်းဆောင် တစ်ဦးက ပြောပြပါတယ် ။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မီးနေသည် အမျိုးသမီး တွေ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ /ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ၊ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ကြောက်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ် ။ မီးဖွားခါ စ အမျိုးသမီး တချို့မှာ စိုးရိမ်ကြောင့်ကြမှု တွေကြောင့် သွေးသွန် တဲ့ ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ သိရပါတယ် ။ “စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုကို စိုးရိမ်နေတာ က တကြောင်း၊ အခြားသော နောက်ထပ်ပြဿနာ တွေကို စိုးရိမ် တာက တကြောင်းကြောင့် မီးဖွားပြီးပြီးချင်း မှာပဲ သွေးသွန်တဲ့ ကိစ္စတွေ လည်း ကြုံခဲ့ရတယ် ။” လို့  SAVE TEAM ခေါင်း ‌ဆောင် တစ်ဦး ကဆိုပါတယ်။

ကိုယ်ဝန်ဆောင် မိခင်အပါအဝင် အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တဲ့ ဖြစ်စဉ် တစ်ရပ် မင်းတပ်မြို့အတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ သတင်းပြန်ကြားရေး နှင့် မှတ်တမ်းဌာန ရဲ့ မှတ်တမ်း တစ်ခုမှာ တွေ့ရပါတယ် ။ ဖြစ်စဉ်က ၂၀၂၁ ခုနှစ် မေလ ဆန်းပိုင်း (၁၅) ရက်နေ့ ၊ မနက်ပိုင်း မှာ ဖြစ်ပွားခဲ့တာလို့ မှတ်တမ်းမှာ ပါရှိပါတယ် ။

“အဖမ်းဆီးခံရသူ တွေထဲမှာ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးပါပြီး သူက ၁ နှစ်-၂ လ သား လေးကိုပါ ကျောပိုးထား ပါသေးတယ်။ အကြမ်းဖက် စကစ တပ်တွေက လူသားဒိုင်းကို ၂ ထပ်လုပ်ပြီး ရှေ့ဆုံးမှာတော့ ကလေးပိုးထားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် အမျိုးသမီး ၁၀ ယောက်ကို တန်းစီပြီး သွားခိုင်းပါတယ်။” လို့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာလည်း မင်းတပ်မြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ကြောင့် စစ်ဘေးတိမ်းရှောင်ရင်း (၇) လ သားအရွယ် ကလေးငယ် တစ်ဦး ဖျားနာသေဆုံးမှု ဖြစ်ခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-သတင်း/ပြန်ကြားရေးနှင့် မှတ်တမ်းဌာန ရဲ့ မှတ်တမ်း တစ်ခုမှာဖော်ပြထားပါတယ် ။

(၉.၆.၂၀၂၃)ရက်နေ့တွင် (၇) ရက်သားကလေးငယ်တစ်ဦး သေဆုံးမှု မြင်ကွင်း
ဓါတ်ပုံ – Mindat Township IDPs Camp Management Committee

၂၀၂၃ ခုနှစ် ဇူလိုင် လ ၈ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ် ၊ ဝုမ်းခုန် ကျေးရွာက နို့တိုက် မိခင် တစ်ဉီး ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်ပြီး သေဆုံးခဲ့ကာ (၂) လသား အရွယ် ကလေးငယ် ကျန်ရစ်ခဲ့ပါတယ်။

မင်းတပ်မြို့နယ် ၊ ဝုမ်းခုန် ကျေးရွာက နို့တိုက် မိခင် တစ်ဉီး ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်ပြီး သေဆုံးသည့် ဖြစ်စဉ်
{ဓါတ်ပုံ – မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-သတင်း/ပြန်ကြားရေးနှင့် မှတ်တမ်းဌာန}

စစ်ကောင်စီလေတပ် ဟာ မင်းတပ်မြို့နယ်မှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်‌ပေါင်း (၁၃၀) ထက်မနည်း ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုမှာ ပြည်သူ (၂၉) ဦး သေဆုံးခဲ့ တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ မင်းတပ်- CDF-Mindat ရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ် ။

(သေဆုံးခဲ့တဲ့ မိခင် နှင့် ကလေးငယ် အရေအတွက် အတည်ပြုချက် ရယူနိုင်ဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ ကျန်းမာရေးဌာန တာဝန်ခံကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် ဖြေဆိုနိုင်ဦး မှာ မဟုတ်ဘူးဆိုတဲ့ အကြောင်းပြန်စာ ရရှိခဲ့ပါတယ်။)

ဆေးဝါး/ထောက်ကူ ပစ္စည်းများ သယ်ယူခွင့် စစ်ကောင်စီက ပိတ်ပင်မှု

စစ်ကောင်စီ ကနေ လမ်းပန်း ဆက်သွယ်ရေး နဲ့ ကုန်ပစ္စည်းတင်ပို့မှုတွေ ပိတ်ဆို့‌နေတာ ဖြစ်လို့ မင်းတပ်မြို့နယ် အတွင်းကို ကျန်းမာရေး စောင့်ရှောက်မှုအတွက် လိုအပ်တဲ့ ဆေးဝါး နဲ့ အထောက်အကူ ပစ္စည်းတွေလည်း သယ်ယူ ပို့ဆောင်ဖို့ အင်မတန် ခက်ခဲနေတယ်လို့ ဒေသတွင်း ကျန်းမာရေး ဝန်ထမ်းတွေက ဆိုပါတယ် ။

ဆေးဝါး ပစ္စည်း သယ်ယူခွင့်ကို စစ်ကောင်စီဘက် တင်းတင်းကျပ်ကျပ်  တားဆီးပိတ်ပင်နေတာဖြစ်ပါတယ် ။ အခုလို ပိတ်ပင်တာနဲ့ ပတ်သက်လို့ မင်းတပ်မြို့နယ်အတွင်းမှာ လာရောက်ပြီး ဆေးကုသမှု ပေးခဲ့တဲ့ မန္တလေး မန္တလေးဆေးတက္ကသိုလ် ခွဲစိတ်ဌာန က, ကထိက ဆရာဝန်ကြီးတစ်ဦး ၊ CDM ဆေးကျောင်းသူ တစ်ဦး ၊ CDM သူနာပြု/သားဖွား ဆရာမ တစ်ဦး နဲ့ ယာဉ်မောင်းတွေကို ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး PDF/CDF တွေကို ဆေးဝါး အ‌ထောက်အပံ့ပေးလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ မန္တလေး အိုးဘို အကျဉ်းထောင်မှာ ချုပ်နှောင်ခဲ့တဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ် ။ အခုလို စစ်ကောင်စီ ဘက်က ဆေးဝါးသယ်ယူခွင့် တားဆီး ပိတ်ပင်တာကြောင့် ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲမှာ ဆေးဝါး အထောက်အကူ ရရှိမှု အင်မတန် ခက်ခဲနေတာဖြစ်ပါတယ် ။ ဆေးဝါးအထောက်အကူ မရရှိနိုင်မှု ၊ စားသောက်ကုန် ရှားပါးမှုတွေ ကြောင့် မိခင်နှင့် ကလေး ကျန်းမာရေး အတွက် လိုအပ်တဲ့ အာဟာရ ရရှိနိုင်မှုလည်း လွန်စွာ ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ် ။

“အခုလို ဖြတ်လေးဖြတ်/ဖြတ်ငါးဖြတ် တွေ ရှိနေတော့ မိခင် နဲ့ ကလေးတင်မကပါဘူး ၊ အခြေခံလူတန်းစားတွေ ကြားထဲမှာလည်း အာဟာရ မပြည့်ဝတဲ့ ပြဿနာတွေ ရှိနေတယ်။ ဟိုတလောကဆို အာဟာရ ပြတ်လပ် မှု (အစားအသောက် လုံလောက်စွာမရရှိမှု) ကြောင့် မလှုပ်ရှားနိုင်တော့တဲ့ လူနာတွေလည်း တွေ့ရတယ်။” လို့ မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၂) ဒေသခံ ဦးတမ်ထန်းအွမ် (အမည်လွှဲ) က ပြောပြပါတယ် ။

စစ်ကောင်စီဘက်က ပိတ်ဆို့ ဖြတ်တောက်မှုတွေ ကြောင့် ဆေးဝါးနဲ့ ရိက္ခာတွေ သယ်ယူပို့ဆောင်တဲ့ နေရာမှာ အခက်အခဲတွေ ယခင်ကထက် ပိုပြီး များလာတယ်လို့ သိရပါတယ် ။ အဲဒီအကျိုးဆက်ကြောင့် မိခင်နဲ့ ကလေး ကျန်းမာရေး အခြေအနေတွေလည်း ပိုပြီး ဆိုးရွားလာတဲ့ အခြေအနေအထိ ရောက်ရှိနေပြီး ၊ မိခင်နဲ့ ကလေး သေဆုံးမှုတွေ ခပ်စိပ်စိပ် ဖြစ်လာတယ်လို့ အမည်မ‌ဖော်လိုတဲ့ CDM သူနာပြု ဆရာမ တစ်ဦးက ပြောပြပါတယ် ။

“ဆေးဝါး မလုံလောက်တာ ကို ကြည့်တာနဲ့ တင် အခြေအနေ ပိုဆိုးလာတာ သုံးသပ်လို့ ရပါတယ် ၊ ပြီးခဲ့တဲ့လ (ဩဂုတ်လ ၂၀၂၄) တစ်လတည်းမှာတင် အ‌သေမွေးတာ (၃) ယောက် ၊ မီးဖွားပြီး မိခင်သေဆုံးတာ (၂) ယောက်၊ ရှိတယ်လို့ကြားတယ်” လို့ ဆိုပါတယ် ။

 

မျိုးဆက်ပွားကျန်းမာရေး နှင့် သားဆက်ခြားအသိပညာ အားနည်းမှု အခက်အခဲများ

ကျေးလက်ဒေသမှာနေထိုင်တဲ့ အချို့သော ပြည်သူတွေဟာ မျိုးဆက်ပွားကျန်းမာရေး နှင့် သားဆက်ခြား အသိပညာ နည်းပါးတာ ၊ အရွယ်မတိုင်ခင် အိမ်ထောင်ပြုတာ စသည်တဲ့ အခြေအနေတွေ လည်း ရှိနေပါတယ် ။

“တချို့ဆို ကိုယ်ဝန်ဆောင်မိခင်အတွက်ပေးလိုက်တဲ့ သံဓါတ်/အားတိုးဆေးတွေကို ဖခင်တွေက ယူသောက်တာမျိုးတောင် ကြုံရတယ်။” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ် ။

အရွယ်မတိုင်မီ အိမ်ထောင်ပြုတဲ့ နှုန်းကလည်း တိုးလာတဲ့ အနေအထားမှာ ရှိနေပြီး မိခင်နှင့် ကလေး ကျန်းမာရေး စောင့်ရှောက်မှု အတွက် အခက်အခဲ ဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခု အဖြစ်ပါဝင်နေတယ်လို့ ဒေသတွင်း အုပ်ချုပ်ရေး တာဝန်ရှိသူတွေကလည်း မှတ်ချက်ပြုပါတယ်။ အရွယ်မတိုင်မီ အိမ်ထောင်ပြုပြီး ကိုယ်ဝန်ဆောင်မယ့် မိခင်တွေမှာ မျိုးဆက်ပွားကျန်းမာရေး နဲ့ သားဆက်ခြား အသိပညာအားနည်းတာ တွေ ကြောင့် လည်း မိခင်နဲ့ ကလေး အသက်ဆုံး  မှုတွေ ရှိနေတာ ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေက ထောက်ပြပါတယ် ။

အသက် (၁၆-၁၇) နှစ်သာ ရှိသေးသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး များကိုပါ ကလေးမွေးဖွားပေးခဲ့ရကြောင်း SAVE TEAM အဖွဲ့ရဲ့ မှတ်တမ်း တွေအရသိရပါတယ် ။ “ဒီလို အသက်မပြည့်ဘဲ အိမ်ထောင်ပြု/ကလေးမွေး ကြတာက တောင်ပေါ်မှာတော့ ထူးဆန်းတယ် လို့လည်း သိပ်မထင်ကြဘူးလေ၊ တကယ်တော့ ဒါမျိုးက အန္တရာယ်ရှိတယ်လို့ ပြောလို့ရတာပေါ့နော် ၊ ဒါကြောင့်ပဲနိုင်ငံ တကာမှာလည်း အသက် (၁၈) နှစ်ပြည့်မှ ဘာမဆို တရားဝင် လုပ်လို့ ရတာပေါ့နော်။ ခေတ်ပျက်ကြီးထဲမှာဆိုတော့ လည်း ပြောရတာ တော်တော် ခက်ပါတယ်။” လို့ မင်းတပ်မြို့နယ် ဒေသခံ တစ်ဦးက သူ့ အမြင်ကိုပြောပြပါတယ်။ မျိုးဆက်ပွားကျန်းမာရေး အသိပညာ အားနည်းမှုဟာလည်း တောင်ပေါ်ကျေးလက် ဒေသတွေမှာ တော်တော်များများ ကြုံတွေ့နေရတဲ့ အခက်အခဲ တစ်ခုဖြစ်နေပါတယ်။

 “ဟိုတလောက ကြားရတာပေါ့ ၊ မိခင်ဟာ မွေးခါနီးမှာ အသည်းအသန်ဖျားတယ် ၊ ရေမြွှာထဲ ပိုးဝင်လို့ ဖြစ်နိုင်တယ် ၊ နောက် ၊ မွေးလာတဲ့ ကလေးက ပေါင်ချိန်မပြည့်ဘူး ၊ ကလေးက မွေးပြီးမကြာဘူး ဆုံးသွားတယ် ၊ ဒါမျိုးတွေက မိခင်မှာ ရှိရမယ့် မျိုးဆက်ပွားကျန်းမာရေး အသိ/သတိမရှိတာ တွေကြောင့်လည်း ဖြစ်နိုင်တယ်။” လို့  မင်းတပ်မြို့နယ် မှာ တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ (အမည်မဖော်လိုတဲ့) ဆရာဝန် တစ်ဦးက ပြောပါတယ် ။

ကျန်းမာရေး အထောက်အကူပြု အဆောက်အဦးများ တိုက်ခိုက်ခံရမှု

မင်းတပ်မြို့နယ် အတွင်းမှာ ရှိတဲ့ ကျန်းမာရေး အထောက်အကူပြု အဆောက်အဦး တွေဟာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုမှု နှင့် လက်နက်ကြီး ပစ်ခတ်မှုတွေ ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိနေပြီး ပြုပြင်ထိန်းသိမ်းမှု မရှိတာ တွေကြောင့်လည်း ပျက်စီး ဆုံးရှုံးမှုတွေ ရှိနေတာပါ။ အခုလို ဖြစ်စဉ်တွေကြောင့် ပျက်စီး နေတဲ့ အဆောက်အဦးတွေ ပြန်လည် ပြုပြုင်မွမ်းမံဖို့ အကူညီ များစွာလိုအပ်နေတယ်လို့  SAVE TEAM အဖွဲ့ ဦးဆောင်သူ တစ်ဦးက ပြောပြပါတယ်။ ဒီရက်ပိုင်း မိုးတောက်လျှောက်ရွာနေလို့ ဆေးခန်းမှာ မိုးယိုပါတယ်။ လူနာတွေအတွက်က ဘယ်လိုမှ အဆင်မပြေဘူး၊ မိုးမယိုအောင် ပြန်ပြင်ဖို့ လိုအပ်နေတာပါ။” လို့ဆိုပါတယ်။

စစ်ကောင်စီ ကနေ မင်းတပ်မြို့နယ် အတွင်းမှာ ရှိတဲ့ ကျန်းမာရေး အထောက်အကူပြု အဆောက်အအုံတွေ ၊ ဆေးရုံ/ဆေးပေးခန်း တွေကို နေ့စဉ်နီးပါး ဦးတည်တိုက်ခိုက်နေတာ ဖြစ်ပါတယ် ။ အခုလို တိုက်ခိုက်မှုတွေကို စစ်ကောင်စီဘက်က မြေပြင်စစ်ကြောင်းနဲ့ သော်လည်းကောင်း လေကြောင်းနဲ့ သော်လည်းကောင်း ၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ သော်လည်းကောင်း မကြာခဏ တိုက်ခိုက်နေတာဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ဧပြီလ ကုန်ပိုင်းမှာလည်း စစ်ကောင်စီကနေ ဝမ္မသူး ဆေးရုံ အဆောက်အဦး အားလုံး ပျက်စီးအောင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဝမ္မသူးတိုက်နယ် ဆေးရုံကို စစ်ကြောင်းထိုးရင်း ဝင်ရောက်ဖျက်ဆီးသွားတာ ၊ မင်းတပ် ခလရ (၂၇၄) နဲ့ ကျောက်ထု အမြောက်တပ်တွေ ကနေ တစ်ဆင့် လက်နက်ကြီးနဲ့ ပစ်ခတ်တာ ၊ လေကြာင်းကနေ နေ့ည မကြာခဏ ဗုံးကြဲ/ပစ်ခတ်တာ စသည်ဖြင့် အကြိမ်ပေါင်း‌ မြောက်မြားခုစွာ ကျူးလွန်နေတာပါ။

ဝမ္မသူးတိုက်နယ် ဆေးရုံကို ဧပြီ ၂၅ ရက်နေ့ ညပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု အပြီး မြင်ကွင်း
ဓါတ်ပုံ – Yaw Mang

ဆေးဝါး အထောက်အကူပြု ပစ္စည်းတွေ ၊ လိုအပ်တဲ့ အစာအဟာရ တွေ လည်း ရရှိဖို့ အင်မတန် ခက်ခဲနေတဲ့ အခြေအနေဖြစ်ပါတယ် ။ မိခင် နှင့် ကလေး တွေမှာ ရရှိသင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆုံးရှုံးနေတာကြောင့် မီးနေသည် အမျိုးသမီးတွေ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတာ တွေ တိုးပွားလာတာဖြစ်တယ်လို့ ၊ အမည်မဖော်လိုတဲ့ CDM သူနာပြု ဆရာမ တစ်ယောက်က ပြောပါတယ် ။ စစ်ကောင်စီကနေ ကျေးလက် ကျန်းမာရေး စင်တာတွေ ၊ ဆေးရုံ ဆေးပေးခန်း တွေကို ဦးတည်တိုက်ခိုက်နေတာ ကြောင့် ကိုယ်ဝန်ဆောင် မိခင် အများစုဟာ ဆေးရုံ ဆေးခန်း မှာ ကလေးမွေးဖွားဖို့ အခက်အခဲ ကြုံနေကြရတာလည်းဖြစ်ပါတယ် ။ အခုလို အခက်အခဲတွေ ရဲ့ နောက်ဆက်တွဲ အဖြစ် မွေးရက်စေ့ တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ဆေးရုံဆေးခန်းတွေကို သွားဖို့ ကြောက်ရွံ့သွားကြတယ်လို့လည်း သိရပါတယ် ။

စစ်ကောင်စီရဲ့ ဘက်ပေါင်းစုံကနေ တိုက်ခိုက်မှုတွေ ကြောင့် ဗုံးခိုကျင်းတွေမှာ ကလေးမွေးဖွားတာ၊ ဆေးပေးခန်းသွားဖို့ တောတောင် လမ်းခရီး ဝေးကွာ /ကြမ်းတမ်းတာ တွေကြောင့် လမ်းခရီးမှာ ကလေးမွေးဖွားတာ၊ နေ အိမ် နဲ့ တောင်ယာတဲ တွေမှာ ကလေးမွေးဖွားတာ စသည်ဖြင့် ခက်ခက်ခဲခဲ ကလေးမွေးဖွားနေကြရတာပါ။ ဆေးရုံ ဆေးခန်း အလှမ်းဝေးတာနဲ့ သားဖွား/ဆရာ-ဆရာ မ ခေါ်ယူဖို့ ခက်ခဲတာတွေ ကြောင့် အိမ်ထောင်ရှင် အမျိုးသား ကိုယ်တိုင်က ကလေးမွေးဖွားပေးရတဲ့ အနေအထားတွေ လည်း ရှိနေပါတယ် ။ “ဆေးရုံဆေးခန်း တွေ ဝေးတာ၊ (သားဖွား) ဆရာ/ဆရာမ  ရှားတာနဲ့ ကျနော့် အမျိုးသမီး မွေးရက်စေ့လို့ ဗိုက်နာလာတော့ ကျနော်ကိုယ်တိုင်ပဲ ကြိုးစားပြီး ကူပေးခဲ့ရတယ်။” လို့ မင်းတပ်မြို့နယ် တိုက်နယ် အမှတ် – ၁၂ မှာနေတဲ့ (အမည်မဖော်လိုတဲ့) CDM ဝန်ထမ်း တစ်ဦးက ပြောပြပါတယ် ။

 

ဗုံးခိုကျင်းတွင် ကလေး မွေးဖွားပြီး နောက် ဆေးကုသမှုခံယူနေသည့် မိခင်တစ်ဉီးအားတွေ့ရစဉ်
ဓါတ်ပုံ – Nine Shing Aung 

ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် မွေးကင်းစ ကလေးငယ်များ သေဆုံးမှု

စစ်‌ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နဲ့ စစ်ကြောင်းထိုး တိုက်ခိုက်မှုတွေ ကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာလ အတွင်းမှာ အမျိုးသမီး တစ်ဉီး မီးဖွားနေစဉ် သေဆုံးခဲ့ပါတယ် ။   ၂၀၂၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်း မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး မီးဖွားဖို့ အတွက် ဆေးရုံ/ဆေးခန်း ကိုသွားရင်း လမ်းတစ်ဝက်မှာ အချင်းကွာကျ-သွေးထွက်လွန်ပြီး မိခင်ဝမ်းတွင်း သန္ဓေသား သေဆုံးမှု လည်း ဖြစ်ပွားခဲ့ပါတယ် ။ ၂၀၂၃ ဇွန်လဆန်းပိုင်းမှာ လည်း မတူပီမြို့နယ် ကနေ မင်းတပ်မြို့နယ် ထဲကို စစ်ဘေးရှောင်လာတဲ့ မိသားစုထဲက (၇) ရက်သား ကလေးငယ် တစ်ဦး သေဆုံးမှု လည်း ဖြစ်ခဲ့တာပါ။ အခုလို မိခင်နှင့် ကလေး သေဆုံးမှုတွေ မကြာခဏ ဆိုသလို ဖြစ်နေကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင် စီမံခန့်ခွဲမှုကော်မတီ ရဲ့ မှတ်တမ်းတွေ နဲ့ SAVE TEAM ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

 

(၉.၆.၂၀၂၃)ရက်နေ့တွင် (၇) ရက်သားကလေးငယ်တစ်ဦး သေဆုံးမှု မြင်ကွင်း
ဓါတ်ပုံ – Mindat Township IDPs Camp Management Committee

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၊ ဧပြီလ ၂၄ ရက်နေ့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့လူငယ်တွေ အကြား အပြန်အလှန် ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ပါတယ် ။ အဲဒီနောက်မှာ လူသောင်းနဲ့ ချီတဲ့ မင်းတပ်မြို့ ဒေသခံတွေဟာ တောတောင်တွေ ကြားထဲ စစ်ဘေးတိမ်းရှောင်ရင်း အစာရေစာငတ်ပြတ်မှု ၊ ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ အခက်အခဲတွေ များစွာ ရင်ဆိုင်နေကြရတာဖြစ်ပါတယ် ။ အဲဒီအခက်အခဲတွေ ကြားမှာ ကိုယ်ဝန်ဆောင် မိခင် နှင့် ကလေးငယ်သူ တွေဟာ လူမှုရေး/စီးပွားရေး/စားဝတ်နေရေး ဒဏ်တွေရဲ့ ရိုက်ခတ်မှုကို အလူးအလဲ ခံနေကြရတဲ့ အပြင် အသက်အန္တရာယ်ကို ပါ တစ်ချိန်တည်းမှာ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ် ။

မင်းတပ်မြို့နယ် အတွင်းမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ နဲ့ ကလေးသူငယ် တွေ အတွက် ရုပ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေ သာမကဘဲ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေပါ များစွာ လိုအပ်လျက်ရှိနေပါတယ်။

ဆမ်ချိုမွန်း

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading