The Mindat Post

Democracy and Justice Must Prevail!

“မင်းတပ် ၂၇၄ တပ်ရင်းမှ ရမ်းသန်းပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး ခြေထောက်ပြတ်၊ မိခင်ဖြစ်သူ ဦးခေါင်းဒဏ်ရာရ”

The Mindat Post

မေ ၂၃၊ ၂၀၂၂

မင်းတပ်မြို့ နယ်မြေခံ ၂၇၄ တပ်ရင်းမှ မေ ၂၃ (ယနေ့) နံနက်အစောပိုင်းတွင် ရမ်းသန်းပစ်ခတ်မှုကြောင့် မဒပ်ကျေးရွာနေ အသက် ၁၀နှစ်ဝန်းကျင် ကလေးငယ်တစ်ဦး ခြေထောက်တစ်ဖက်အပြင်းအထန် ဒဏ်ရာရပြီး မိခင်ဖြစ်သူမှာ ဦးခေါင်းဒဏ်ရာရကြောင်း မဒပ်ကျေးရွာ ဒေသခံတစ်ဦးက The Mindat Post သို့ပြောသည်။

“ဒီနေ့ မနက်ပိုင်းမှာ ၂၇၄ ဖက်ကနေ လက်နက်ကြီးတွေနဲ့ ၆ ချက်လောက်ပစ်တယ်။ အိမ်ရှေ့မှာဆော့နေတဲ့ ကလေးကိုထိတာ ဒူးအောက်ပိုင်း ပြတ်သွားပါတယ်။ သူ့အမေက ခေါင်းကိုထိတာ၊ အိမ်တွေလည်း ရစရာမရှိအောင်ပျက်သွားတယ်၊ ခုကလေးကို အရေးပေါ်ဆေးရုံခေါ်သွားကြပြီ” ဟု ပြောသည်။

အဆိုပါ ဖြစ်စဥ်အပြီးတွင် CDF မင်းတပ်က မေ ၂၂ (ယမန်နေ့) ည မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက် မီးသတ်ကုန်းတွင် နေရာယူသော စစ်ကောင်စီတပ်နှင့် CDF မင်းတပ်တို့ မိနစ် ၃ဝ ကြာ ပစ်ခတ်မှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဖက် ၂ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကိုသိရှိရန် ဆက်သွယ်ရာ မဒပ်ကျေးရွာ၌ ဆေးခန်းများဖွင့်လှစ်ထားရှိမှုကြောင့် ၎င်းတို့ (စစ်​ကောင်စီ) ဖက်မှ ပစ်ခတ်ခြင်းဖြစ်သည်ဟု မင်းတပ်မြို့နယ်မြေခံတပ်ရင်း ၂၇၄ က ဖြေရှင်းချက်ပေးထားကြောင်းအဆိုပါဒေသခံတစ်ဦးက ဆိုသည်။

မဒပ်ကျေးရွာသည် မင်းတပ်မြို့မှ ၁၀ မိုင်ခန့်သာကွာဝေးပြီး ပြီးခဲ့သည့်နှစ်က စစ်ဘေးရှောင်ပြည်သူများအတွက် အလံဖြူထောင်ရိက္ခာသယ်သည့် မဒပ်ကျေးရွာ လူငယ်တစ်ဦးကို စစ်ကောင်စီဖက်က ဖမ်းဆီးသည့်ဖြစ်ရပ်မျိုး ရှိခဲ့ဖူးသည်။

#themindatpost#မဒပ်ကျေးရွာ#လက်နက်ကြီးပစ်ခတ်#အပြင်းထန်ဒဏ်ရာရ#မင်းတပ်မြို့နယ်#၂၇၄တပ်ရင်း

Photo – The Mindat Post

Photo – CJ

Photo – CJ

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading