~~~~~~
The Mindat Post
အောက်တိုဘာ ၂၄ ၊ ၂၀၂၂
အောက်တိုဘာ ၂၃ ရက် (မနေ့က) ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၉ နယ်မြေ ဖားကန့်တွင် ၆၂ နှစ်မြောက် KIO အထိမ်း အမှတ်နေ့ အကြိုတေးဂီပွဲကျင်းပနေစဉ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ကချင်အနုပညာရှင်တွေ အပါအဝင် ပြည်သူ ၅၀ ကျော် ထိခိုက်သေဆုံးခဲ့ရကြောင်း ကချင် ဒေသတွင်း သတင်းရင်းမြစ်တွေက ရေးသားဖော်ပြပါတယ်။
အောက်တိုဘာလ ၂၅ ရက်နေ့ ကျရောက်မယ့် ၆၂ နှစ်ပြည့် KIO နေ့အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၂၃ ရက်ည ၈ နာရီခွဲဝန်းကျင်မှာ KIA တပ်မဟာ ၉ အနန့်ပါ (A Nang Pa) တွင် တေးဂီတဖြင့် ပွဲပြုလုပ်နေစဉ် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ် ၃ စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဖားကန့်ဒေသခံတစ်ဦးကို ကိုးကားပြီး Kachin News Group သတင်းဌာနက ဖော်ပြပါတယ်။
တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသွားတဲ့ ပြည်သူ ၅ဝ ထက်မနည်းရှိတယ်လို့ဆိုပါတယ်။ ကချင်အနုပညာရှင်အသင်းမှ ကချင်တေးသံရှင်ကြီး အော်ရာလီ (Aurali) သီချင်းသီဆိုနေသည့်အချိန်တွင် ဗုံးကျဲတိုက်ခိုက်ခံရသည့်အတွက် ပွဲချင်းပြီး သေဆုံးခဲ့ပြီးကချင်အနုပညာရှင်အသင်း ဥက္ကဋ္ဌ(ဟောင်း) ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ဇော်ဒိန် (Lahtaw Zau Ding) လည်း ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသူစာရင်းမှာတော့ KIA အရာရှိအချို့ပါဝင်တယ်လို့ဆိုပေမယ့် လုံခြုံရေးအရ မပြောနိုင်သေးကြောင်းလည်း ရေးသားပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ၂၀၁၁ခုနှစ်ကနေ စတင်တဲ့ မြန်မာစစ်တပ်နဲ့ KIA အကြား ပြန်လည်ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုနောက်ပိုင်း အဆိုးဆုံးတိုက်ခိုက်မှု တခုဖြစ်တယ်လို့ ကချင်ဒေသတွင်း သတင်းဌာနတွေက ဆိုပါတယ်။
ဓါတ်ပုံ – အောက်တိုဘာ ၂၃ ညပိုင်း စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးသည့် ကချင်အနုပညာရှင်တချို့။ (ဓာတ်ပုံ-CJ)
#KIO#kachinstate#airstrikeinkachin#phakantkachin#MyanmarMilitaryCoup#kachinindependentorganization



ဓါတ်ပုံ – CJ




Leave a Reply