~~~~~~
The Mindat Post
နိုဝင်ဘာ ၁၁၊ ၂၀၂၂၊ မင်းတပ်
စစ်ကောင်စီ အင်အား ၁၂၀ ဝန်းကျင်ဟာ ချင်း-မကွေးနယ်စပ် မင်းတပ်မြို့နယ် ပလုံတွီရွာထဲကို ပြီးခဲ့တဲ့ နိုဝင်လာ ၇ ရက်၊ တနင်္လာ မနက် ၁၀:၃၀ ကဝင်ရောက်စီးနင်းပြီး ဒေသခံအများစုနဲ့ စစ်ဘေးရှောင်ပြည်သူ အယောက် ၄၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တယ်လို့ CDF မင်းတပ် သတင်းနှင့် ပြန်ကြားရေးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ နေ့လယ် ၁၂:၃၀ မှာ CDF မင်းတပ်က စစ်ကောင်စီ စစ်ကြောင်းကိုအနီးကပ်တိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ဦး သေဆုံးသွားတယ်လို့လည အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကျေးရွာထဲမှာ ဓားစာခံ အများအပြားရှိနေတာကြောင့် စစ်ဆင်ရေးပြုလုပ်ရန် ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။ နောက်တစ်ရက် အင်္ဂါနေ့မှာ ဖမ်းဆီးခံ ဓားစာခံတွေထဲက အမျိုးသား ၇ဦးကို လက်ပြန်ကြိုးတုတ်ပြီး အခြားနေရာခေါ်ဆောင်သွားခဲ့တယ်လို့ CDF မင်းတပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ ၇ဦးထဲက ၆ဦးကို ယခုတိုင် အဆက်အသွယ်မရသေးဘဲ မီးရှို့ သ-တ်ဖြ-တ်ခဲ့ရသူများထဲမှာ အဆိုပါ ၆ဦးပါနိုင်တယ်လို့ ယူဆရကြောင်း CDF မင်းတပ်က ထုတ်ပြန်ပါတယ်။ ကနဦးဖမ်းဆီးခံရတဲ့ ပလုံတွီကျေးရွာသား ၂ဦးအပါအဝင် အဆက်အသွယ် မရရှိသေးသူ ၉ ဦးအထိရှိနေပါတယ်။
နိုဝင်ဘာလ ၁၀ရက် ကြာသပတေးနေ့ မနက် ၄:၃၀ ခန့်မှာ စစ်ကောင်စီတပ်သားတွေဟာ ချင်းပြည်နယ်ထဲကနေ မကွေးတိုင်းဘက်ကိုတပ်ဆုတ်သွားခဲ့ပြီး ဖမ်းဆီးခံ အမျိုးသားတစ်ဦးနဲ့အတူ ထီးလင်းမြို့ထဲသို့ပြန်ဝင်သွားကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေ ပြန်လည် ဆုတ်ခွာသွားပြီးတဲ့နောက် CDF မင်းတပ်ဘက်က နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာမှာ စစ်ကောင်စီက အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့တဲ့ အလောင်းမီးရှို့ရာနေရာ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်သားတွေက အလောင်းတွေကိုမီးရှို့ပြီး ကျန်အရိုးစုကိုလည်း ကြေမွအောင် ထုချေခဲ့တာကြောင့် ကျန်ရစ်သူ မိသားစုများအနေနဲ့ အသုဘခံဖို့အတွက် သေဆုံးသူအရိုးစုတွေဟာ ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်ဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။
ဆက်အသွယ် မရရှိသေးတဲ့ ပြည်သူတွေကိုတောနင်းရှာဖွေမှုများဆောင်ရွက်လျက်ရှိတယ်လို့ CDF မင်းတပ်က ထုတ်ပြန်ထားပါတယ်။ ဓားစာခံ စစ်ဘေးရှောင်များနဲ့ ရွာခံအများစုအား လုံခြုံရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်ပါတယ်။
ပလုံတွီတိုက်ပွဲအတွင်း သေဆုံးသွားခဲ့တဲ့ ပြည်သူများ၏ ကျန်ရစ်သူ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းရတယ်လို့ CDF မင်းတပ်ရဲ့ ထုတ်ပြန်ပါတယ်။
ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ထီးလင်းမြို့တွင်း စစ်ကောင်စီ တပ်သားတွေ အထုပ်အပိုးပြင်ဆင်နေကြလျက်ရှိတာကြောင့် ထီးလင်းနဲ့ မင်းတပ်မြို့နယ်အတွင်းက ပြည်သူတွေ သွားလာခြင်း မပြုလုပ်ကြဖို့ကိုလည်း CDF မင်းတပ်က အသိပေးထားပါတယ်။
ဓာတ်ပုံ – CDF-Mindat (သတင်းနှင့် ပြန်ကြားရေးဌာန)
ဓာတ်ပုံအညွှန်း – စစ်ကောင်စီက အစုလိုက်အပြုံလိုက် မီးရှို့ သတ်ဖြတ် ရာတွင် ပါဝင်သော စစ်ဘေးရှောင်_အမျိုးသားများ၏ ဦးခေါင်းခွံအပိုင်းအစများနှင့် မလောင်ကျွမ်းသေးသော အစိတ်အပိုင်းများ။
(သတင်းများကို ထပ်ဆင့် အတည်ပြုနိုင်ရန် CDF မင်းတပ် ပြောရေးဆိုခွင့်ရှိသူနှင့် ဒေသခံများကို The Mindat Post ကအကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း တယ်လီဖုန်းလိုင်း အခက်အခဲများကြောင့် ဆက်သွယ်၍မရခဲ့ပါ။)









Leave a Reply