~~~~~
The Mindat Post
ဒီဇင်ဘာ ၈ ၊ ၂၀၂၂
BBC သတင်းဌာနရဲ့ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာတလွှား လှုံ့ဆော်နိုင်စွမ်းနှင့် ဩဇာလွှမ်းမိုးနိုင်စွမ်းအရှိဆုံးအမျိုးသမီး အယောက် (၁၀၀) စာရင်းမှာ မြန်မာနိုင်ငံက ဒေါက်တာအငြိမ်း ပါဝင်တယ်လို့ သိရပါတယ်။
BBC ရဲ့ ဖော်ပြချက်မှာ အေးငြိမ်းသူ (ဒေါက်တာ အငြိမ်း) ဟာ ဝေးလံခေါင်သီတဲ့ ချင်းပြည်ကို အထူးပြုပြီး မြန်မာနိုင်ငံထဲက အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဒေသတွေမှာ ရှေ့တန်းကနေ စေတနာ့ဝန်ထမ်းပြီး ဆေးကုသပေးနေကြောင်း၊
သူမဟာ 2021 ခုနှစ် နိုဝင်ဘာလမှာ ခွဲစိတ်ခန်းငယ်တစ်ခုဖြင့် ယာယီဆေးရုံကို တည်ဆောက်ခဲ့ပြီး ဖျားနာသူများနဲ့ ထိခိုက်ဒဏ်ရာရသူများကို ကုသပေးခဲ့ကြောင်း၊
သူမရဲ့ အားလပ်ချိန်တွေမှာ ပြည်တွင်းနေရပ်စွန့်ခွာရသူများ အပါအဝင် ဒေသခံလူန ကူညီထောက်ပံ့ဖို့အတွက် ဆေးဝါး အကူအညီ မရရှိနိုင်တဲ့ အခြားဒေသတွေမှာ သွားရောက်ခဲ့ကြောင်း၊
သူမ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ လူသိများသော ပြည်တွင်းအစိုးရ (စစ်ကောင်စီ) ဆန့်ကျင်ရေးအဖွဲ့တွေကို ပံ့ပိုးကူညီတာ,နဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်က ‘အကြမ်းဖက် လှုံ့ဆော်မှု’ နဲ့ စွဲချက်တင်ခံထားရတဲ့အကြောင်း စသဖြင့် ဖော်ပြထားပါတယ်။
အခုလို BBC ရဲ့ 100 Women 2022 စာရင်းမှာ ကမ္ဘာ့တစ်ဝန်းက ပရဟိတသမားတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီးဂုဏ်ဆောင် အားကစားမယ်တွေ၊ နိုင်ငံရေးနဲ့ သုတေသနပညာရှင်တွေ၊ အဆိုတော်တွေပါဝင်ပါတယ်။
အီရန်မင်းသမီး Zar Amir-Ebrahimi၊ အမေရိကန် မင်းသမီး Selma Blair၊ အိန္ဒိယ မင်းသမီးနဲ့ ရုပ်ရှင်ထုတ်လုပ်သူ Priyanka Chopra Jonas၊ အမေရိကန် တေးရေးနဲ့ တေးသံရှင် အဆိုတော် ဂရမ်မီဆုရှင် Billie Eilish၊ အီရန်မှာ အမျိုးသမီးထုကို နှိမ့်ကွပ်လို့ ဖြစ်တည်လာတဲ့ ဆံပင်ဖြတ် ဆန္ဒပြမှုကြမူ၊ တူနီးရှားတင်းနစ်မယ် ၂၀၂၂ ဝင်ဘယ်ဒန်ချန်ပီယံ Ons Jabeur၊ ထိုင်းရက်ပ်အဆိုတော် Milli (နာမည်ရင်း Danupha Khanatheerakul) တို့ ပါဝင်ခဲ့ပါတယ်။
ဒီဆုကို ပေးအပ်တာ ၁၀ နှစ်မြောက်ဖြစ်ပြီး လူမှုအကျိုးပြုလုပ်ငန်းတွေကို စိတ်အားထက်သန်စွာ လုပ်နိုင်သူ၊ ဩဇာလွှမ်းမိုးနိုင်သူအဖြစ် စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်တဲ့သူတွေကို မှတ်တမ်းတင်၊ အင်တာဗျူးရိုက်ကူး ချင့်တွက်ပြီးမှ ဘီဘီစီရဲ့ World Service Languages Teams အယ်ဒီတာအဖွဲ့က ရွေးချယ်ပေးအပ်တာ ဖြစ်ပါတယ်လို့လည်း သိရပါတယ်။





Leave a Reply