The Mindat Post

Democracy and Justice Must Prevail!

#Mindat | အာဏာသိမ်းပြီး​နောက်ပိုင်း မင်းတပ်မှာ ပထမဆုံးအကြိမ် ဆယ်တန်းစာ​မေးပွဲ ကျင်းပ

~~~~

The Mindat Post

၈၊ မတ်လ ၂၀၂၃၊ မင်းတပ်

၂၀၂၂ – ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မင်းတပ်မြို့မှာ စတင်ကျင်းပနေ​ပြီလို့ သိရပါတယ်။ စစ်ကောင်စီ အာဏာသိမ်းကာလ ၂ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပတာလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဒီကနေ့ (မတ်လ ၈ ရက်) တစ်နိုင်ငံလုံးမှာ တပြိုင်တည်း ကျင်းပနေတာပါ။

မင်းတပ်မြို့ပေါ်မှာတော့ အ.ထ.က (၁) ကျောင်းမှာ မြန်မာစာစတင်ဖြေဆိုနေကြပြီး လာရောက်ဖြေဆိုသူ နည်းတယ်လို့လည်း မင်းတပ်မြို့ ပညာရေးဌာနအသိုင်းအ၀န်းနဲ့ နီးစပ်သူက The Mindat Post ကို ပြောပါတယ်။

“ဒီနေ့ စဖြေကြတာ၊ ထ ၁ တစ်ခုထဲမှာပဲ၊ မြို့ထဲ အစစ်ဆေးလည်း ပုံမှန်ထက်တင်းကြပ်ထားတယ်။ စာမေးပွဲ လာဖြေတဲ့သူက အရမ်းတော့မများဘူး၊ အယောက် ၈၀ နီးပါးရှိမယ်။” လို့ သူက ပြောပါတယ်။

၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေက စစ်ကောင်စီ အာဏာသိမ်းတာကြောင့် မင်းတပ်မြို့မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ မကျင်းပနိုင်ခဲ့ပါဘူး။ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ ရက်ကနေ ၁၈ ရက်ထိ ကျင်းပမှာဖြစ်ပြီး ချင်းပြည်နယ်က ကန်ပက်လက်မြို့နဲ့ ထန်တလန်မြို့ကလွဲရင် ကျန်မြို့တွေမှာ စာမေးပွဲဖြေဆိုနေကြတာ တွေ့ရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ဒုတိယအကြိမ်ကျင်းပတဲ့ ၂၀၂၂ – ၂၀၂၃ ခုနှစ် တစ်နိုင်ငံလုံးမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးထားတဲ့သူ ၁၇၉,၇၄၂ ဦးရှိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ အညွှန်း – မင်းတပ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသူ၊ သားများအား အာဏာမသိမ်းမီက မြင်တွေ့ရစဉ်။ (Photo: Citizen Journalist)

#themindatpost

#တက္ကသိုလ်ဝင်တန်း

#ဖြေဆိုသူ#မင်းတပ်မြို့

#အာဏာသိမ်းစစ်ကောင်စီ

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading