(ဒေသကာကွယ်ရေးတပ်ဖွဲ့လက်ချက်လို့ စစ်ကောင်စီက စွပ်စွဲထားပြီး ဆေးရုံ၊ စာသင်ကျောင်း လည်ပတ်ခွင့် ပိတ်ထားပါတယ်။)
~~~~
The Mindat Post
စစ်ကောင်စီ ထိန်းချုပ်နေတဲ့ မင်းတပ်မြို့ပေါ်မှာ ခရိုင်ပြည်သူ့ဆေးရုံကား ၁ စီး ပျောက်ချင်းမလှ ပျောက်ဆုံးနေတယ်လို့ စုံစမ်းသိရပါတယ်။
ဒီဖြစ်စဉ်ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့လက်ချက်လို့ စစ်ကောင်စီက စွပ်စွဲထားပြီး မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံအပါအဝင် စာသင်ကျောင်းတွေ လည်ပတ်ခွင့်ကို ပိတ်ထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်က ကျန်းမာရေးဌာနရုံးကား ၁ စီး ပျောက်တဲ့ဖြစ်စဉ် ၂ ရက်လောက်အကြာမှာ စစ်ကောင်စီက ခုလို အမိန့်နဲ့ ညွှန်ကြားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ဆေးရုံကား အဖြူလေး၊ ဆရာဝန်ကြိုပို့တဲ့ကား ပျောက်တာ၊ အရင်ကလည်း ဖြစ်ဖူးပါတယ်။” လို့ ဒေသခံတဦးက The Mindat Post ကို ပြောပါတယ်။
မြို့တွင်းမှာ စစ်ကောင်စီတပ်ရဲ့ အထိုင်ချနေရာ ၇ နေရာထက်မနည်းရှိနေတဲ့ကြားက ခရိုင်ပြည်သူ့ဆေးရုံကား ၁ စီး ပျောက်ဆုံးသွားတာပါ။
“လောလောဆယ် မီးသတ်ကုန်း၊ ထ ၂ တာဝါတိုင်၊ မိခင်ကလေးရုံး၊ စံမင်းသီရိ၊ ဆောက်လုပ်ရေးဝန်းနဲ့ မြို့အဝင်ထွက်မှာ စခတွေ အမြဲနေတာ၊ အဲချိန်မှာ ဆေးရုံထဲဝင်ပြီး ကားယူသွားတာ ထင်တယ်။” လို့ ဆိုပါတယ်။
မြို့ပေါ်မှာ ဆေးရုံ၊ စာသင်ကျောင်းတွေ ပိတ်ထားပေမယ့် ဒေသကာကွယ်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်ဘက်မှာတော့ စာသင်ကျောင်းနဲ့ ဆေးပေးခန်းတွေ လည်ပတ်နေတယ်လို့ မင်းတပ်မြို့နယ် ပအဖ ထံက သိရပါတယ်။
ခရိုင်ပြည်သူ့ ဆေးရုံကားပျောက်ဆုံးနေတဲ့ ဖြစ်စဉ်အတွက် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) သတင်းပြန်ကြားရေးတာဝန်ရှိသူတချို့ကို ဆက်သွယ်ခဲ့ပေမယ့် တစုံတရာအကြောင်းပြန်တာ မရှိပါဘူး။
ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ရဲ့ တပ်ရင်းတချို့ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
၂၀၂၃ ဇူလိုင်လအတွင်း မင်းတပ်မှာ စစ်ကောင်စီယာဉ် အနီးကပ်ပစ်ခတ်ခံရတဲ့ ဖြစ်စဉ် ထပ်ဖြစ်ထားသလို အာဏာသိမ်းကာလ စစ်ကောင်စီမော်တော်ယာဉ် ၁၀ စီးထက်မနည်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့က မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။
—————–
ဓာတ်ပုံ အညွှန်း – မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံနဲ့ မြို့တွင်းနေရာယူ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၁ မတ်လအတွင်းက တွေ့ရစဉ်။ (Photo: HKL/The Mindat Post)

#themindatpost#CDFmindat#mindatnews






Leave a Reply