~~~~
The Mindat Post
22 Aug 2024
ချင်းပြည်တွင်း ပဋိပက္ခနဲ့ ပတ်သက်ပြီး Chin Civic Movement (CCM) က ကောက်ယူတဲ့ စစ်တမ်းတစ်ခုမှာ သက်ဆိုင်ရာ ချင်းအဖွဲ့အစည်းတွေ အမြန်ဆုံးတွေ့ဆုံ ဖြေရှင်းကြဖို့ တာဝန်ရှိကြောင်း စစ်တမ်းဖြေဆိုသူ ဦးရေ “၁,၀၀၀” ကျော်ထဲမှ ၉၄% က လိုလားကြောင်း သိသာထင်ရှားစွာတွေ့ရှိရတယ်လို့ CCM က ယမန်နေ့ညပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
အထက်ပါ စစ်တမ်းကို ဇူလိုင်လ ၁၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရက်သတ္တပတ် (၂) ပတ်ကြာ ကောက်ယူခဲ့တာဖြစ်ပြီး ဖြေဆိုသူ ဝင်ရောက်ဖြေဆိုသူ ဦးရေ ၁၀၂၇ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဖြေဆိုသူ ၁၇ ဦးရဲ့ ဖြေဆိုမှုတွေကိုတော့ စစ်တမ်းကောက်ယူမှု သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတာကြောင့် ဖယ်ရှားခဲ့ပြီး အသားတင်ဦးရေ ၁၀၁၀ ဦးရဲ့ ဖြေဆိုချက်တွေကို အခြေပြုကာ စစ်တမ်းဖြေဆိုချက် ရာခိုင်နှုန်းတွက်ချက်ခဲ့တာလို့ သိရပါတယ်။
စစ်တမ်းဖြေဆိုမယ့် လူဦးရေကို ကနဦးသတ်မှတ်ချက်အဖြစ် လူဦးရေ (၃၀၀) ဝန်းကျင် သာမျှော်မှန်းထားခဲ့ပေမယ့် မထင်မှတ်ဘဲ လူဦးရေ (၁၀၀၀) ကျော်က တက်ကြွစွာ ဝင်ရောက်ဖြေဆိုခဲ့ကြတာကြောင့် လတ်တလော ချင်းပြည်တွင်း ပဋိပက္ခနဲ့ ပတ်သက်ပြီး ချင်းလူထုရဲ့ အသံနဲ့လိုလားမှုကို ဒီစစ်တမ်းက ထင်ဟပ်နေတယ်လို့ CCM တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
အဓိကအားဖြင့် စစ်တမ်းမေးခွန်း (၁၀) ခုမေးမြန်းခဲ့တာဖြစ်ပါတယ်။ ချင်းအဖွဲ့အစည်းတွေကြားထဲမှာ နားလည်မှုတည်ဆောက်ဖို့ အားနည်းတယ်လို့ ဖြေဆိုသူ (၄၅) ရာခိုင်နှုန်းက ဖြေဆိုခဲ့ပြီး ချင်းနိုင်ငံရေးတည်ဆောက်ဖို့ နိုင်ငံရေးဆွေးနွေးတိုင်ပင်မှု အားနည်းတယ်လို့ (၂၁) ရာခိုင်နှုန်းက ဖြေဆိုထားပါတယ်။ အင်အားစုများအကြား အပြန်အလှန် အသိအမှတ်ပြုမှု အားနည်းချက်ရှိတယ်လို့လည်း (၁၉) ရာခိုင်နှုန်းက ဖြေဆိုထားတယ်လို့ သိရပါတယ်။ အလားတူပဲ CC, CB တို့ကြားမှာ ပဋိပက္ခအတွက် ဆွေးနွေးအဖြေရှာဖို့နဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့အတွက် ဖြေဆိုသူ (၇၉) ရာခိုင်နှုန်းက ထောက်ခံဖြေဆိုထားကြတာတွေ့ရပါတယ်။
ဖြေဆိုသူတွေထဲမှာ ချင်းမျိုးနွယ်စု (၃၅) ခု ဝန်းကျင်အထိ ပါဝင်နေပြီး အမျိုးသမီး ရာခိုင်နှုန်း (၂၀) ရာခိုင်နှုန်းနဲ့ အမျိုးသား ပါဝင်မှု (၈၀) ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေတွေကြောင့် အင်တာနက် အခြေပြု စစ်တမ်းကောက်ယူခြင်းဖြစ်ပြီး မြေပြင်က လူထုတွေလည်း ပါဝင်နိုင်ဖို့ လက်လှမ်းမီသလောက် ကြိုးစားခဲ့တယ်လို့ CCM က ပြောပါတယ်။ ဒါပေမယ့် အခုထွက်ပေါ်လာတဲ့ စစ်တမ်းဟာ မြေပြင်လူရဲ့ အသံကို ကိုယ်စားပြုနိုင်မှုတော့ အားနည်းနိုင်တယ်လို့ ဆိုပါတယ်။
အခုလို ထွက်ပေါ်လာတဲ့ စစ်တမ်းရဲ့ အကျိုးသက်ရောက်မှုနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက လက်တွေ့အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်/မဖြစ်နိုင် မေးခွန်းကို The Mindat Post က မေးမြန်းတဲ့အခါ “Chin Civic Movement ကို စတင်စဉ်းစားခဲ့ကြတဲ့ အနေအထားမှာ ချင်းအရေးကို ကျနော်တို့ ပူပူပင်ပင်နဲ့ စတင်ပြီး လုပ်ဆောင်ခဲ့ကြတယ်ပေါ့နော် ၊ အဲဒီမှာ အရင်က တွေ့ဆုံမှုတွေ၊ Talk Show တွေမှာပေါ့နော်၊ ICNCC ကိုရော CC ကိုရော ကျနော်တို့ Email ပေးပို့ပြီး ဖိတ်ကြားတာတို့ ချိတ်ဆက်တာတို့ လုပ်ခဲ့ကြတယ်၊ အဲလိုချိတ်ဆက်တဲ့အခါမှာ ICNCC ဘက်ကတော့ Response ရှိပြီး CC ဘက်ကတော့ Response မရှိတာမျိုး ကြုံတွေ့ခဲ့ရတယ်ပေါ့နော်။ ဒီစစ်တမ်းကို ဘယ်လောက်ထိ ဂရုစိုက်နိုင်မလဲ ဆိုတာ ကျနော်တို့ မပြောတတ်ဘူး၊ သူတို့ အပေါ်မှာ ပိုပြီးမူတည်ပါလိမ့်မယ်။” လို့ CCM အဖွဲ့ဝင်တစ်ဦးက ဖြေကြားပါတယ်။
Chin Civic Movement (CCM) ဟာ သပိတ်လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်သူများ၊ ကျောင်းသားအင်အားစုများ၊ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများ၊ ချင်းအရပ်ဖက်လူ မှုအဖွဲ့အစည်းများ၊ ချင်းအရေးတက်ကြွလှုပ်ရှားသူများနှင့် ပြည်ပရောက်ပညာတော်သင်များက ဦးဆောင်ပြီး ဖော်ဆောင်နေတဲ့ လူထုအခြေပြု လှုပ်ရှားမှုဖြစ်ပါတယ်။





Leave a Reply