The Mindat Post

Democracy and Justice Must Prevail!

” Google Translate တွင် Mizo (မီဇိုး) ဘာသာစကားပါဝင်လာ​တော့မည် ”

The Mindat Post (နည်းပညာသတင်း)

မေ ၁၂ ၊ ၂၀၂၂ ၊

Google က နှစ်စဉ် ကျင်းပမြဲဖြစ်သော Developer Conference ၌ ယခုကဲ့သို့ မီဇိုးဘာသာစကားကို ထည့်သွင်းခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ Conference ကို ၂၀၂၂ မေ ၁၁ နှင့် ၁၂ များတွင် ကျင်းပခြင်းဖြစ်ပြီး Google ၏ နည်းပညာဆိုင်ရာ Application များ အဆင့်မြှင့်တင်ခြင်း အပါအဝင် ဘာသာစကားအသစ် ၂၄ ခု ထပ်မံထည့်သွင်းခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဘာသာစကားများ အသစ်ထပ်မံထည့်သွင်းမှုတွင် MLT ဟုခေါ်သည့် Machine Learning Technique နည်းပညာ အသုံးပြုထားကြောင်း မြင်တွေ့ရသည်။

Google ၏ ထိုသို့သော ဘာသာစကား ထပ်မံထည့်သွင်းမှုတွင် အိန္ဒိယနိုင်ငံ မှ ဘာသာစကား ၇ မျိုး ပါဝင်သည်။ မြန်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုးရမ်ပြည်နယ်၏ ဘုံဘာသာ စကားဖြစ်သည့် (မီဇိုး) ဘာသာစကားနှင့် မဏိပူရပြည်နယ်သုံး မေတေး (ခေါ်) မယ်တိုင် ဘာသာစကားတို့ ပါဝင်လာခြင်းဖြစ်သည်။

ယင်းဘာသာ စကား (၂) မျိုးသည် Tibeto-Burman ဘာသာစကား အခွဲ နှစ်မျိူးဖြစ်ပြီး မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် ပြောဆိုအသုံးပြုကြသည်။

ယခုကဲ့သို့ မီဇိုဘာသာစကား Google Translate တွင်ပါဝင်လာခြင်းသည် မီဇိုး ဘာသာစကားအဖွဲ့ အစည်းများနှင့် ပညာရှင်အသီးသီးက နှစ်ပေါင်းများစွာ ကိုယ်ထူကိုယ်ထ အားထုတ်ပါဝင် ကြိုးစားခဲ့ကြခြင်းဖြစ်ပြီး မီဇိုးရမ်ပြည်နယ် အစိုးရထံ ကူညီထောက်ပံ့မှု တစ်စုံတစ်ရာ တောင်းခံခဲ့ခြင်းမရှိကြောင်း မီဇိုးဘာသာစကားအဖွဲ့အစည်းနှင့် မီဇိုးယဉ်​ကျေးမှု အသိုင်းအဝိုင်းတချို့ထံမှ သိရသည်။

အိန္ဒိယနိုင်ငံတွင် မီဇိုးဘာသာစကားကို လူဦးရေ ၈၃၀,၀၀၀ ဝန်းကျင်က အသုံးပြုလျက်ရှိပြီး မေးတေး (ခေါ်) မယ်တိုင် ဘာသာစကားကို လူဦးရေ ၂ သန်းဝန်းကျင်က အသုံးပြုလျက်ရှိသည်။

မီဇိုးရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ရှိ မီဇိုးရမ်တက္ကသိုလ်တွင် မီဇိုးဘာသာစကားကို ပညာရပ်တစ်ခု အနေဖြင့် သင်ကြားပေးလျက်ရှိပြီး မီဇိုးရမ်ပြည်နယ်တွင် မီဇိုးဘာသာစကားဖြင့် ထုတ်ဝေသော သိပ္ပံနှင့် နည်း ပညာ၊ ဥပဒေ၊ အနုပညာ သုတ/ ရသ စာအုပ်စာပေများနှင့် နေ့စဉ်ထုတ်သတင်းစာပေါင်းများစွာ ရှိ​နေသည့် အပြင် မီဇိုး ဘာသာစကားဖြင့် တင်ဆက်သည့် ရုပ်ရှင်၊ ဂီတနှင့် ရုပ်မြင်သံကြားအစီအစဉ်ပေါင်း များစွာလည်းရှိ​နေ​ကြောင်းသိရသည်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများနှင့် CDM ဝန်ထမ်းများအပါအဝင် နိုင်ငံရေးသမားများစွာသည် မီဇိုးရမ်ပြည်နယ်တွင် ဝင်ရောက်ခိုလှုံလျက်ရှိ​ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်နယ်ရှိ မီဇိုးလူမျိုးများသည် မြန်မာနိုင်ငံ ချင်းပြည်နယ်ရှိ ချင်းလူမျိူးများနှင့် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအပါအဝင် ဘာသာစကားဆက်စပ်မှုများစွာရှိနေသည်။

(ယခု သတင်း​ဆောင်းပါးကို Mindat Post အယ်ဒီတာအဖွဲ့၏ ခွင့်ပြုချက်မပါဘဲ အခြား​သော သတင်းစာမျက်နှာများနှင့် လူမှုကွန်ယက် မီဒီယာ စာမျက်နှာများတွင် ပြန်လည်​ဖော်ပြခွင့်မပြုပါ။)

#themindatpost#MIZO#googletranslate#MizoLanguage#tibetoburman#india#Myanmar#mizoram#Manipur#meteilon

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading