The Mindat Post

Democracy and Justice Must Prevail!

“မင်းတပ်မြို့တွင် ​ဈေး​ရောင်းပွဲထပ်မံ ကျင်းပမည်၊ ကုန်ပစ္စည်းများကို နယ်​မြေခံတပ်ရင်းတပ်ဖွဲ့ မိသားစုဝင်များကသာ သယ်ယူ​ရောင်းချခွင့်ရှိ”

~~~~~~~

The Mindat Post

​အောက်တိုဘာ ၇၊ ၂၀၂၂ ၊ မင်းတပ်

​အောက်တိုဘာ ၈ ရက်၊ မနက်ဖြန်​​နေ့မှာ စစ်​ကောင်စီက ဦး​ဆောင်ပြီး မင်းတပ်စည်ပင်​ဈေး​ရှေ့မှာ ဈေး​ရောင်းပွဲထပ်မံကျင်းပမယ်လို့ ​ဒေသတွင်း သတင်းရင်းမြစ်​တွေကနေတဆင့် သိရပါတယ်။

ဒီတခေါက် ​ဈေး​ရောင်းပွဲတွင် အသီးအရွက်ပါ ​ရောင်းချမှာဖြစ်​ကြောင်းသိရပြီး ​မြေပြန့်ကနေ အသီးအရွက်နဲ့ အသားငါးတင်​ဆောင်လာ​တဲ့ စျေးကားတွေ မင်းတပ်နယ်​မြေခံတပ်ရင်း ခလရ ၂၇၄ တပ်ထဲကို ပစ္စည်းသွား​ရောက် ချထား​နေ​ကြောင်းစုံစမ်းသိရှိရပါတယ်။

မင်းတပ်မြို့နယ်အတွင်းကို စစ်​ကောင်စီက ကုန်ပစ္စည်းတင်ပို့ခြင်းနှင့် စား​သောက်ကုန်ပစ္စည်းများ သယ်ယူခွင့်ကို ကန့်သတ်ထားပြီး နယ်​မြေခံတပ်ရင်းတွင်းရှိ စစ်​ကောင်စီတပ်သားများ၏ မိသားစုဝင်များကသာ သယ်ယူရောင်းချခွင့်ရှိသည့် အ​နေအထားဖြစ်​နေ​ကြောင်း ​ဒေသခံတွေက ဆိုပါတယ်။

“အခုလို ​ဈေး​ရောင်း​ပေးတာက ​ကောင်းတယ်လို့ပဲ ​ပြောရမယ်၊ ဒီတိုင်းဆို ဝယ်ဖို့ခက်တယ်​လေ၊ ပြီး​တော့လည်း မင်းတပ်ဘက်ကို ရှူးရှဲကအစ ပိတ်ထား​တော့ သူတို့ (စစ်​ကောင်စီ) သယ်လာပြီး ​ရောင်းတာပဲ ဝယ်ရ​တော့တာ​ပေါ့ ။ အသက်ရှင်သန်ဖို့ အ​ရေး ဆို​တော့ ရတဲ့နည်းနဲ့ ယူရ ဝယ်ရတာပါပဲ” လို့ မင်းတပ်မြို့တွင်း ​နေထိုင်သူတစ်ဦးက The Mindat Post ကို ပြောပါတယ်။

စစ်​ကောင်စီအ​နေနဲ့ မင်းတပ်မြို့တွင်းတွင် ​ဈေး​ရောင်းပွဲများ ကျင်းပတဲ့အသွင် ပြုလုပ်​နေခြင်းမှာ ​မြို့တွင်းအ​ခြေနေတည်ငြိမ် သ​ယောင် လုပ်​ဆောင်​နေခြင်းမျိုးဖြစ်နိုင်​ကြောင်း မင်းတပ် ​ဒေသခံ လူငယ်တစ်ဦးက The Mindat Post ကို​ ပြောပါတယ်။

“သူတို့က မြို့တွင်းမှာ ​အေး​ဆေးတည်ငြိမ်​နေပြီ၊ သူတို့ ထိန်းချုပ်နိုင်​နေပြီဆိုတာမျိုး ပြချင်တာလည်း ဖြစ်နိုင်ပါတယ်။ ပြီး​တော့ သူတို့ တပ်တွင်းစီးပွားရှာကြတာလည်းဖြစ်မယ်” လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်​နေ့ မှာ CDF မင်းတပ်က မင်းတပ် နယ်​မြေခံတပ်ရင်း ခလရ ၂၇၄ ကင်းစခန်း တစ်ခုကို သွား​ရောက်ပစ်ခတ်ခဲ့ပြီး စစ်​ကောင်စီဘက် အထိအခိုက်အကျအဆုံးများနိုင်​ကြောင်း CDF မင်းတပ်ဘက်က တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

စစ်​ကောင်စီအနေနဲ့ မင်းတပ်မြို့တွင်းကို ထိန်းချုပ်ဖို့ အသည်းအသန် ရုန်းကန်​နေရပြီး မြို့တွင်းကလမ်း​ဘေးဝဲယာတလျှောက် သံဆူးကြိုးအထပ်ထပ် ကာရံထား​တယ်လို့လည်း ဒေသခံတွေထံကနေ သိရပါတယ်။

ပုံစာ – မင်းတပ်မြို့မှာ ဒုတိယအကြိမ်ပြုလုပ်မယ့် ဈေးရောင်းပွဲမတိုင်မီ မြင်ကွင်း။ (ဓာတ်ပုံ-HKL)

#themindatpost#whatshappeninginmindat#whatshappeninginmyamar#Myanmarcoup#mindatchinstate#cdfmindat#ဈေးရောင်းပွဲ

Leave a Reply

Discover more from The Mindat Post

Subscribe now to keep reading and get access to the full archive.

Continue reading