~~~~
The Mindat Post
ဒီဇင်ဘာ ၆ ၊ ၂၀၂၂
ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက မင်းတပ် စစ်ရှောင် ပညာရေးအတွက် ဒီဇင်ဘာလ (၃) ရက်နေ့ က စတင်ပြီး ဒှီဇင်ဘာလ ၂၃ ရက်နေ့ အထိ “ပြည်သူအားလုံးကူညီပေး၊ မင်းတပ်စစ်ရှောင်ပညာရေး” ဆိုတဲ့ Campaign ပြုလုပ်ပြီး အလှူခံလျက်ရှိကြောင်း သိရပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင် ကလေးငယ်တွေကို ပညာသင်ကြားပေးဖို့ မင်းတပ်မြို့နယ် ပညာရေးဘုတ်အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ဖွင့်လှစ်ထားတဲ့ ရပ်ရွာအခြေပြုကျောင်းပေါင်း “၁၆၈” ကျောင်းအထိရှိနေပြီ ဖြစ်ပါတယ်။ ယခုလက်ရှိ ကျောင်းသားကျောင်းသူပေါင်း ၁၂၀၀၀ ခန့်ကို စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမ ၁၃၀၀ ခန့်က ပညာသင်ကြားပေးလျက် ရှိနေတာ ဖြစ်ပါတယ်။
စစ်ဘေးရှောင်ကလေးတွေ ပညာသင်ကြားဖို့ စာသင်ကျောင်းနဲ့ ဆရာ၊ ဆရာမ အင်အား အသင့်အတင့် ရှိနေပေမယ့် သင်ထောက်ကူ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အခက်အခဲရှိနေပြီး ကျောင်းသားကျောင်းသူ အများစုဟာ စာသင်ခန်းထဲမှာ ပုံနှိပ်စာအုပ်နဲ့ စာရေးကိရိယာ လုံလုံလောက်လောက်မရရှိဘဲ ပညာသင်ယူနေကြရတာပါ။
ထိရောက်ပြီး အရည်အသွေးပြည့်ဝတဲ့ ပညာရေးရရှိဖို့ဆိုရင် လုံလောက်တဲ့ ထောက်ပံ့မှုရရှိနိုင် အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို Campaign ပြုလုပ်ပြီး အလှူခံရခြင်း ဖြစ်ကြောင်း ရတနာပုံကျောင်းသားသမဂ္ဂက ဆိုပါတယ်။
မင်းတပ်မြို့နယ် ပညာရေးဘုတ်အဖွဲ့က တာဝန်ယူ သင်ကြားပေးနေတဲ့ ကျောင်းသားကျောင်းသူပေါင်း ၁၂၀၀၀ ဝန်းကျင် ရှိနေပြီးအတွက် တစ်ဦးကို စာအုပ်၂အုပ်၊ ဘောပင် ၂ချောင်း၊ ခဲတံ ၁ ချောင်း ၊ ခဲဖျက်တစ်ခု ၊ ပေတံ ၁ ချောင်း နှုန်းဖြင့် လှူဒါန်းနိုင်ဖို့အတွက် စီစဉ်ထားတာ ဖြစ်တယ် လို့ သိရပါတယ်။ (ခရီးသွားလာစရိတ် အပါအပြီးအစီး) ကျောင်းသား တစ်ဦးကို ”၂၀၀၀ ကျပ်” စီ ခွဲဝေသွားမှာဖြစ်တယ်လို့ ရတနာပုံ ကျောင်းသားသမဂ္ဂက ဆိုပါတယ်။
#themindatpost#mindattownshipeducationborad#yadanaponuniversitystudentsunion#MyanmarMilitaryCoup






Leave a Reply