The Mindat Post
ဒီဇင်ဘာ ၁၁ ၊ ၂၀၂၂
အမေရိကန်အနေနဲ့ မြန်မာကို သံအမတ်ကြီးအဆင့်မထားတော့ဘဲ သံရုံးယာယီတာဝန်ခံ အဆင့်ထိသာ လျှော့ချတော့မှာဖြစ်တယ်လို့ VOA သတင်းဌာနက ဒီဇင်ဘာလ ၈ ရက်နေ့မှာ ရေးသားဖော်ပြပါတယ် ။
မကြာခင်တာဝန်သက်တမ်းကုန်ဆုံးတော့မယ့် အမေရိကန် သံအမတ်ကြီး Thomas Vajda နေရာမှာ အစားထိုးဖို့ နောက်ထပ် သံအမတ်ကြီး အသစ်ကို ထပ်မံစေလွှတ်ခြင်း မပြုတော့ဘဲ ယာယီသံရုံးတာဝန်ခံအဆင့်အထိ ပဲထားရှိတော့ မယ်လို့ အမေရိကန်သံရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောတဲ့ အကြောင်း VOA သတင်းဌာနက ရေးသားဖော် ပြထားပါတယ် ။
လက်ရှိ အမေရိကန်သံရုံး ဒုတိယတာဝန်ခံ Deborah Lynn အနေနဲ့ Charge d’ affaires (ခေါ်) ယာယီ သံရုံးတာဝန်ခံရာထူးအတွက် လူသစ် မရောက်လာခင်အထိ တာဝန်ယူရမယ်လို့လည်း ဆိုပါတယ်။
သမ္မတ Joe Biden အစိုးရအနေနဲ့ အာဏာသိမ်းပြီးတက်လာတဲ့ လက်ရှိမြန်မာ စစ်အစိုးရအပေါ် အသိအမှတ်မပြုကြောင်း အခုလို သံတမန်ရေး အဆင့်လျှော့ချပြီး ပြချင်ပုံရတယ်လို့လည်း အကဲခတ်တွေက သုံးသပ်ကြပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန Website အရ သံအမတ်ကြီး Vajda ဟာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတာဝန် ခန့်အပ်ခံရပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် စစ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလကျမှ မြန်မာနိုင်ငံကို ရောက်ရှိတာဖြစ်တယ် လို့သိရပါတယ်။
ပုံမှန်အားဖြင့် ဒီ သံအမတ်ကြီးရာထူးသက်တမ်းက ၂ နှစ်တာဝန်ယူရတာမို့ မကြာခင်မှာ သူ့ရဲ့ သံအမတ်ကြီးသက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။
၁၉၈၈ အာဏာသိမ်းပြီးနောက်ပိုင်းတုံးကလည်း အမေရိကန်အစိုးရက မြန်မာနိုင်ငံမှာ သံအမတ်ကြီးအဆင့်မထားဘဲ ယာယီသံရုံးတာဝန်ခံအဆင့်နဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာ လျှော့ချ ဆက်ဆံခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်လက်ထက် အပြောင်းအလဲတွေ စတင်လုပ်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံကို သမ္မတ Barack Obama လာရောက်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာမှ သံအမတ်ကြီးအဆင့် ပြန်လည်စေလွှတ်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီ ကျင်းပမယ့် လာမယ့်နှစ် ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတမှာမဟုတ်လို့ ထောက်ခံနိုင်မှာ မဟုတ်ဘူးလို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောထားပါတယ်။
#themindatpost #USEmbassyRangoon

Photo – The Bangkok Post
ဓါတ်ပုံ အညွှန်း – ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အမေရိကန်သံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်နေသည့် လူငယ်တစ်ဦး




Leave a Reply