~~~~~
The Mindat Post
ဒီဇင်ဘာ ၁၈၊ ၂၀၂၂
အမေရိကန် သုတေသနပညာရှင်တွေဟာ သန့်ရှင်းစွမ်းအင်တခုဖြစ်တဲ့ နျူကလီးယားစွမ်းအင်ကို အနုမြူရောင်ခြည်အဆိပ်သင့်မှု မရှိဘဲ ထုတ်နိုင်အောင် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားနေရာကနေ အခုအမေရိကန်သိပ္ပံပညာရှင်တွေက ဒီသန့်ရှင်းစွမ်းအင်ကို နျူကလီးယားပေါင်းစည်းမှုကနေ ထုတ်လုပ်နိုင်ပြီလို့ အမေရိကန် စွမ်းအင်ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ ရက် အင်္ဂါနေ့မှာ ကြေညာလိုက်တယ်လို့ VOA မြန်မာပိုင်း သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
“ကယ်လီဖိုးနီးယားပြည်နယ် Livermore သုတေသနဌာနကရော ကမ္ဘာတလွှားမှာပါ နျူကလီယား ပေါင်းစည်းမှုကရတဲ့ စွမ်းအင် ထုတ်နိုင်ဖို့ ကြိုးစားနေတာ နှစ်ပေါင်း ၆၀ ကျော်နေပြီဖြစ်ပြီး အခု ဒါကို ဒီသုတေသနဌာနက အောင်မြင်စွာ ထုတ်နိုင်ပါပြီ” လို့ စွမ်းအင်ဝန်ကြီး Jennifer M. Granholm က သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့တယ်လို့ သိရပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်က Lawrence Livermore National Laboratory သုတေသနဌာနမှာ စမ်းသပ်တွေ့ရှိခဲ့တာ ဖြစ်ပြီး National Ignition Facility ဌာနက သုတေသနပညာရှင်တွေနဲ့ ဝန်ထမ်းတွေရဲ့ ဒီတွေ့ရှိချက်ဟာ သိပ္ပံပညာဆိုင်ရာ ကြီးမားတဲ့ အောင်မြင်မှုမှတ်တိုင် ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီအောင်မြင်မှုကြောင့်ရတဲ့ ရလဒ်က ၂ ခု ရှိပြီး၊ ပထမအချက် အနေနဲ့ ကြယ်တွေမှာသာတွေ့ရတဲ့ အန္တရာယ်မရှိဘဲ လုံခြုံစိတ်ချရတဲ့ နျူကလီးယားစွမ်းအင်မျိုးကို ထုတ်နိုင်ပြီဖြစ်တဲ့အတွက် အမေရိကန် အမျိုးသားလုံခြုံရေးဆိုင်ရာမှာ အင်အားပိုတောင့်တင်းလာစေမှာ ဖြစ်သလို ဒုတိယအချက်က ဖန်လုံအိမ်ဓါတ်ငွ့ထုတ်လွှတ်မှုမရှိဘဲ လူ့အသိုင်းဝိုင်းအတွက် နျူကလီးယားပေါင်းစည်းမှု စွမ်းအင်ကို မြောက်မြားစွာ ထုတ်လုပ်ပေးနိုင်မယ့် ကြီးမားတဲ့ ပထမခြေလှမ်းကို လှမ်းနိုင်တော့မှာဖြစ်ကြောင်း ဝန်ကြီး Granholm က ပြောဆိုတာပါ။
ဂျိုးဘိုင်ဒန် အစိုးရအဖွဲ့က သန့်ရှင်းစွမ်းအင်ထုတ်ဖို့ ညွှန်ကြားပြီး အထူးသဖြင့် fusion energy နျူကလီးယာပေါင်းစည်းမှုစွမ်းအင်ထုတ်ဖို့ သုတေသနရံပုံငွေ ချထားပေးချိန်မှာပဲ အခုလို အမေရိကန် သုတေသီတွေက အောင်မြင်စွာတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
နေမှာရှိတဲ့ ဟိုက်ဒရိုဂျင်တွေ ပေါင်းစပ်ပြီး ဟီလီယမ်ဖြစ်သွားချိန်မှာ အင်မတန်ကြီးမားတဲ့ အပူစွမ်းအင် ထွက်လာသလို အနုမြူ – အက်တမ် ၂ လုံးပေါင်းစည်းပြီး အက်တမ်အသစ် ပေါ်လာချိန်မှာ ကြီးမားတဲ့ စွမ်းအင်ထွက်လာနိုင်တာကို သိပ္ပံပညာရှင်တွေ ဟိုးအရင်ကတည်းက သိရှိထားတာကြောင့် အခုလိုလက်တွေ့ ထုတ်လုပ်နိုင်အောင် ၁၉၄၀ ပြည့်လွန်နှစ်တွေလောက်တည်းက ကြိုးစားနေခဲ့ကြတာပါ။ အခု တွေ့ရှိချက်က ဒီလိုစွမ်းအင် ထုတ်လုပ်ဖို့ အရေးပါတဲ့ ပထမခြေလှမ်းလည်း ဖြစ်လာပါတယ်။
သတင်းကိုးကား – VOA (Burmese)
#themindatpost#usfusionenergy#uspresident#LawrenceLivermoreNationalLaboratory#National IgnitionFacility #ကယ်လီဖိုးနီးယားပြည်နယ်Livermoreသုတေသနဌာန

ဓါတ်ပုံ – BBC
ဓါတ်ပုံအညွှန်း – နျူကလီးယားစွမ်းအင်ထုတ်လုပ်ရာ စမ်းသပ်ခန်း တစ်ခုကို Lawrence Livermore National Laboratory တွင် မြင်တွေ့ရစဥ်။




Leave a Reply