~~~
The Mindat Post
၁၆၊ မတ်လ၊ ၂၀၂၃၊ ကန်ပက်လက်
ကန်ပက်လက်မြို့နယ်မှာ ကိုယ်ထူကိုယ်ထ ဖောက်လုပ်တဲ့ မော်တော်ကားလမ်းသစ် ဖွင့်လှစ်လိုက်တယ်လို့ ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ (မတ်လ ၁၆ ရက်) သတင်းထုတ်ပြန်ပါတယ်။
ကိုယ်ထူကိုယ်ထဖွင့်တဲ့ ကားလမ်းသစ်ဟာ ကန်ပက်လက်မြို့နယ် ဒေသတစ်ခုရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းကို ဆက်သွယ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
ကားလမ်းသစ်ဖွင့်ပွဲအခမ်းအနားမှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) တာဝန်ရှိသူတွေ၊ ဒေသအုပ်ချုပ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေ၊ CNF/A တာဝန်ရှိသူတွေနဲ့ ဒေသခံပြည်သူအများစု တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ခုဖွင့်လှစ်လိုက်တဲ့ မော်တော်ကားလမ်းသစ်ရဲ့အကွာအဝေးဟာ ၈ မိုင်ကျော်ပြီး ချင်းပြည်နယ်၊ တောင်ပိုင်းမြို့နယ် ၃ ခု လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေဖို့ ရည်ရွယ်တာလို့ ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။
လက်ရှိကန်ပက်လက်မြို့နယ်ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်း ဆက်သွယ်ထားတဲ့ ကျင်ဒွေးလမ်းပိုင်း ဟန့်တားပိတ်ဆို့ခံထားရပြီး စစ်ကောင်စီက ခရီးသွားအရပ်သားပြည်သူတွေကို မတရားစွပ်စွဲဖမ်းဆီးတာမျိုး ရှိနေတာပါ။
ဒါကြောင့် အရေးပေါ်သွားလာရေး၊ စားဝတ်နေရေး၊ လူမှုရေးအခက်အခဲကြုံတွေ့နေရတာ ၂ နှစ်ကျော်လာတာနဲ့အမျှ အခုလိုလမ်းပိုင်းကို မဖြစ်မနေဖောက်လုပ်ရတာလို့ ဆိုပါတယ်။
ကိုယ်ထူကိုယ်ထ ကားလမ်းသစ်ဖောက်လုပ်ဖို့ ဒေသခံပြည်သူတွေရဲ့ ငွေကြေးနဲ့ လုပ်အားပါဝင်မှု၊ ပြည်ပနိုင်ငံရောက်နေသူတွေရဲ့ ဖေးမကူညီမှုနဲ့ တခြားအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီမှုတွေကြောင့် အကောင်အထည်ဖော်နိုင်ခဲ့တာလို့လည်း ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မှတ်တမ်းတင်ထားပါတယ်။
Photo: Kanpetlet Township Public Administration
#မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့






Leave a Reply