The Mindat Post
ဇွန် ၂၀၊ ၂၀၂၂
ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်များတွင် အဓိက စီးပွားဖြစ်စိုက်ပျိုးသည့် ဝဥ ဈေးနှုန်းများ အာဏာသိမ်းပြီး ယခု ၂၀၂၂ နှစ်လယ်ပိုင်းအထိ ယခင်က ဈေးနှုန်းထက် ထက်ဝက်ကျော် အထိ ကျဆင်းသွားသည်ဟု မင်းတပ်ဒေသခံ ပြည်သူတစ်ဦးက The Mindat Post သို့ ပြောသည်။
“ဝဥက မင်းတပ်မှာ အဓိက စီးပွားဖြစ်စိုက်လာကြတာ အရင်ကတည်းက ဆိုတော့ ခုလောလောဆယ် ဒါဘဲလုပ်တယ်။ ခုဈေးအရမ်း ကျနေတာလေ၊ အခြောက် တစ်ပိဿာကိုမှ ၆၅၀၀ နဲ့တောင် ဝယ်မယ့်သူက ရှားနေပြီ၊ ရှေ့လျှောက် ဘယ်လိုဆက်ဖြစ်မလဲ မပြောတတ်ဘူး” ဟု ပြောသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး မင်းတပ်မြို့ပေါ်ရှိ ဝဥ စိုက်ခင်းကို တစ်နှစ်ကျော်ကြာ ပစ်ထားခဲ့ရကြောင်း “မြို့ပေါ်မှာစ ပစ်ကြတော့ ဒီတိုင်းပဲ ပြေးလာရတာလေ၊ မိသားစုထဲ ငွေစုထားတာလေးနဲ့ မျိုးဝယ်ပြီး စိုက်ထားတဲ့ ဝဥခင်းလည်း ဒီတိုင်းပဲ ပစ်ထားလိုက်ရတာ ခုဆို တစ်နှစ်ကျော်ပါပြီ၊ မြို့ပေါ်လည်းမပြန်ရဲသေးတော့ ပြန်သွားမကြည့်ဖြစ်ဘူး” ၎င်းက ဆက်၍ ပြောသည်။
ဝဥဈေးနှုန်း အဆမတန်ကျဆင်းရသည်မှာ ယခင် ပြည်တွင်း ကုန်သည်များကြောင့်သာမက နိုင်ငံခြား ကုန်သည်များ၏ ပြည်တွင်း စီးပွားရေးလုပ်ငန်းများရပ်နားမှုများနှင့် နိုင်ငံအတွင်း မတည်ငြိမ်မှုများကြောင့်ပိုမိုဖြစ်နိုင်သည်ဟု ယခင် ဝဥ ရောင်းဝယ်ရေးလုပ်ကိုင်နေသူ တစ်ဦးက သုံးသပ်သည်။
လက်ရှိတွင် ဝဥ ဖော်ချိန်ကျော်လွန်လာပြီးနောက် အရောင်းအဝယ်ပြုလုပ်ရန် မင်းတပ်မြို့တွင်း အသွားလာကန့်သတ်ခံရခြင်း၊ ချင်းပြည်နယ်အတွင်း ၄/ မှတ်ပုံတင် ကိုင်ဆောင်သူများအား စစ်ဆေးမေးမြန်းမှု တင်းကြပ်နေခြင်းနှင့် ကုန်စည်ယာဥ်တင်ဆောင်မှုပိုင်းတို့တွင် ကန့်သတ်ခံရမှုများကြောင့် အခက်ခဲများ ပိုမိုရင်ဆိုင်နေရသည်ဟူ၍လည်းဒေသခံ ပြည်သူများက ပြောဆိုထားသည်။
ဓာတ်ပုံ – CJ #themindatpost #မင်းတပ်မြို့နယ် #အာဏာသိမ်း #စစ်ကောင်စီ #လူမှုစီးပွားရေး #ဈေးနှုန်းကျဆင်း



Photo – CJ




Leave a Reply